Wednesday, October 12, 2016

မြစ်ဆုံဒေသ



မြစ်ဆုံဒေသဆိုသည် ကချင်ပြည်နယ်မြို့တော် ၊မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင်အကွာ ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဆုံသည့်ဒေသကို ခေါ်ပါသည်။

မြစ်ဆုံကို ရောက်ရန်မှာ မြစ်ကြီးနားမြို့၏ အထက်ဘက်ကို ကားစီးပြီး သွားရသည်။ မြစ်ကြီးနားမြို့ထဲမှာ ရှိတာကတော့ ကမ်းနားလမ်း (အရင်အခေါ်ချစ်သူလမ်း) သွားလျှင်မြင်ရမယ့် ဧရာဝတီမြစ်ကြီး၏ စိမ်းလဲ့သာယာနေသော အလှနှင့် ဗလမင်းထင်မြစ်ကူးတံတားကြီး ကိုသာ မြင်ရမှာဖြစ်သည်။ ကမ်းနားလမ်းသည် ယခင်က မြေလမ်းဖြစ်ခဲ့ပြီး အခုအခါ ကတ္တရာလမ်းလေးခင်းထား၍ မြို့ပတ်လမ်းအဖြစ် တည်ရှိနေသည်။ လမ်းဘေးတစ်လျှောက် အသုပ်ဆိုင်၊ အကြော်ဆိုင်၊ စားသောက်ဆိုင် စသဖြင့် စည်ကားနေပေသည်။

မြစ်ဆုံသို့ သွားမည်ဆိုလျှင် ဆောင်းရာသီ (သို့မဟုတ်) နွေဦးရာသီ၊ သင်္ကြန်လောက်သွားလျှင် လမ်းခရီးကောင်းပြီး ရာသီဥတုကောင်းသဖြင့် အစဉ်ပိုပြေပေသည်။ မြစ်ဆုံကို မြစ်ကြီးနားမှ ကားငှားပြီး သွားရပြီး ၁ နာရီခွဲလောက်ကြာသည်။ မြစ်ကြီးနားမှ စထွက်လျှင် မြစ်ဆုံသွားသောလမ်းတွင် ကချင်တိုင်းရင်းသားတို့၏ ကျေးရွာလေးများကို တွေ့ရမှာ ဖြစ်ပါသည်။ လမ်းဘေးဝဲယာ တစ်လျှောက် ဂျာမနီတောများ၊ ၀ါးပင်များ ပေါက်ရောက်နေပါသည်။ ၀ါးတဲများ၊ စိုက်ခင်းများ၊ တောင်ယာများ၊ တောတန်း တောင်တန်းကြီးများကို သဘာဝဆန်ဆန်တွေ့ရမှာ ဖြစ်ပါသည်။ လမ်းတစ်လျှောက်လုံး သဘာဝအလှအပများကို မပျင်းမရိ တွေ့ရမည် ဖြစ်ပေသည်။ လမ်းတစ်လျှောက်လုံး သဘာဝ သန့်ရှင်းသော လေကိုအပြည့်အ၀ ရှူရှိုက်နိုင်ပါသည်။

မြစ်ဆုံရောက်ခါနီးတွင် မြစ်ဆုံဘက်မှ စီးဆင်းလာသော ရေပြင်ကြီးကို တွေ့ရှိမှာဖြစ်ပြီး မြစ်ဆုံရောက်လျှင် ရွာတစ်ခုကို အရင်ဖြတ် ကျော်သွားရသည်။ ထိုမှတဆင့် မြစ်ဆုံကြိုဆိုရေး ဆိုင်းဘုတ်ကို တွေ့ရပြီး ဗုဒ္ဓသာသနာ ငါးထောင်စံ စေတီတော်မြတ်ကြီး တစ်ဆူကို ဖူးတွေ့ရမှာဖြစ်သည်။ စေတီတော်ကြီးလွန်လျှင် မြစ်ဆုံအစ စားသောက်ဆိုင်များကို တွေ့ရပြီး ကချင်ချက် ထမင်းဟင်းများ၊ အကင်များရရှိနိုင်ကာ အမှတ်တရ ကချင်တိုင်းရင်းသားရိုးရာ ၀တ်စုံများ ဓာတ်ပုံရိုက်ရန်အတွက် ငှားပေးသည်။

ကားရပ်ရာနေရာမှ မြစ်ဆုံ(မေခ၊ မလိခ) ပေါင်းဆုံရာနေရာကို အထင်းသားမြင်ရမှာဖြစ်ပြီး မြစ်ကိုသွားလိုလျှင် အောက်ဘက်သို့ ဆင်းရလေသည်။ သဘာဝ၏ လတ်ဆတ်သောလေ၊ ရေစီးသံ၊ အေးချမ်းမှုစသည်တို့ကို အရင်ဆုံး ခံစားရမှာ ဖြစ်သည်။ ကျောက်ခဲကြီးများ အလွန်ပေါများကာ မြစ်ကမ်းပါး၏၀ဲဘက်တွင် သဲသောင်ပြင်ကိုတွေ့ရသည်။ မေခနှင့် မလိခမြစ်နှစ်ခု ပေါင်းစုံရာနေရာတွင် ရေလှိုင်းခတ်သံကို အတိုင်းသား ကြားနိုင်ပြီး ထိုနေရာတွင် ရေပွက်များ၊ ရေ၀ဲများကိုလည်း တွေ့မြင်ရနိုင်ပါသည်။ မြစ်ရေတို့မှာလည်း ဘယ်အချိန်ရောက်ရောက် အမြဲကြည်လင် အေးမြနေပါသည်။

မြစ်နှစ်ခုပေါင်းစုံရာ တစ်ဖက်ကမ်းတွင် စိမ်းစိုအုံ့မှိုင်းနေသော တောင်တန်းမြင့်မြင့်ကြီးတို့ကို တွေ့မြင်နိုင်ပါသည်။ ဆောင်းရာသီဆိုလျှင် တောင်တန်းကြီးပတ်လည်တွင် မြူခိုးမြူငွေ့များ ရစ်ဆိုင်းနေပြီး သဘာဝငှက်တို့၏ အော်မြည်သံကိုလည်း ကြားနေရမှာဖြစ်ပါသည်။ မြစ်ဆုံနေရာသည် ရောက်ဖူးသူတိုင်း တစ်သက်မမေ့နိုင်သောနေရာ ဖြစ်ပေသည်။ သဘာဝအလှတရားများဖြင့် ကြွယ်ဝနေပါသည်။ ကချင်တိုင်းရင်းသားတို့၏ ရိုးသားဖော်ရွေမှုကို ထိုနေရာတွင် ဖော်ပြနေပါသည်။ စီးဆင်းနေသော ရေ၊ ရစ်ဆိုင်းနေတတ်သောမြူ၊ တေးသံကျူးနေတတ်သည့် ကျေးငှက်တို့၏ ပေါင်းစုံမှုဖြင့် စိတ်ကြည်နူးမှုကို ဖြစ်ပေါ်စေပါသည်။

မြစ်ဆုံ ရောက်ခဲ့ဖူးသည့် အမှတ်တရအနေနှင့် ကျောက်စရစ်ခဲဖြူဖြူ သန့်သန့်လေးများကိုရွေးပြီးကောက်သွားကြသည်။ *(ပင်လယ်ကမ်းခြေမှာ ခရု ကောက်သည့် ဓလေ့ပုံစံမျိုးဖြစ်သည်။)
ကိုးကား

မိုးချမ်းမင်း(မြစ်ကြီးနား)၏ စာသားများမှ ကောက်နုတ်တင်ပြသည်။

No comments:

Post a Comment