(အမျိုးသားပညာဝန် ဦးဖိုးကျား)
ရှေးရှေးအခါက ကရင် ခေါင်းဆောင်ကြီးတစ်ဦး ဖူးမော်ထော် ဆိုသူသည် မိမိ၏လယ်ကို မျောက်တို့ဝင်ရောက် ခိုးယူလွန်းသဖြင့် စိတ်ညစ်အားလျော့သေယောင် ဆောင်နေလေ၏။
မျောက်တို့မြင်သော် သူ့စပါးကို ငါတို့ခိုးယူ၍ သေရသည် ၊ ငါတို့ ကောင်းစွာ သင်္ဂြိုလ် သင့်သည်ဟု ဆိုယောင်ကာ မသာအခမ်းအနားအတွက် မိမိတို့၏ စည်သုံးလုံးကို ယူဆောင်၍ တီးခတ်ကြလေ၏။
ဤသို့ တီးခတ်စဉ် ဖူးမော်ထော် သည် သေယောင်ဆောင်နေရာမှ ရုတ်တရက် ထလိုက်ရာ မျောက်တို့ သည် အံ့အားသင့် ၊ ကြောက်လန့်၍ ထွက်ပြေးကြသည်နှင့် စည်တို့သည် ကျန်ရစ်လေ၏။
ဖူးမော်ထော်သည် ထိုစည်သုံးလုံးကို အိမ်သို့ ဆောင်ယူခဲ့၏။ တစ်လုံး ရွှေ ၊ တစ်လုံး ငွေ ၊ တစ်လုံး အဖြူရောင်ဖြစ်ရာ အဖြူရောင် စည်သည် ' မဂေါ်ဖဂေါ်လီ ' ခေါ်သော အိုင်တွင်းသို့ ကျသွား၍ ပျောက်ဆုံးလေသည်။ ကျန် ရွှေဖားစည် ၊ ငွေဖားစည် နှစ်လုံးကို ကရင်တို့သည် အလွန်နှစ်သက် မြတ်နိုး ရိုသေကြသည်နှင့် နှစ်စဉ် ပွဲလမ်းသဘင် ကြီးစွာပြု၍ ကျင်းပပူဇော်ကြ၏။ (စည်မျက်နှာ နှုတ်ခမ်းတွင် ဖားရုပ်ကလေးများ ပါရှိ၍ ဖားစည်ဟု ဗမာတို့က ခေါ်ကြသည်)
ထိုသို့ နှစ်စဉ်ကျင်းပနေရာ မွန်ကရင်တို့သည် နှစ်စဉ် ထိုစည်များရှိရာသို့ သွားရသည်ကို ငြီးငွေ့သည်နှင့် တစ်ခါသော် ထိုစည်တို့ကို မိမိတို့ရပ်ရွာသို့ ယူဆောင်လာခဲ့၏။ ထိုစည်နှစ်လုံးကို ' ဂေါ်ကွာထူး ' ၊ ' ဂေါ်ကွာစေး ' ဟူ၍ ကရင်ဘာသာဖြင့် ခေါ်လေသည်။ မွန်ကရင်တို့သည် ထိုစည်နှစ်လုံးကို သထုံနယ် ၊ ဒုန်ရင်းရွာအနီးရှိ ဂူတစ်ခုအတွင်း၌ သိမ်းဆည်းထားသည်ဟု အယူရှိကြလေသည်။
ထိုစည်တို့ကို တီးခတ်သော လက်ခတ်တို့မှာ ဖာပွန်နယ် ၊ လူးသော်ကို ရွာရှိ ဗမာကရင်တို့၏ လက်တွင် ကျန်ရစ်ခဲ့ကြသည်။ သို့ကြောင့်လည်း နှစ်စဉ်လိုပင် ပွဲတော်ချိန် ကျသောအခါ၌ ဗမာကရင်တို့သည် မွန်ကရင်တို့ထံ ဆင်းလာ၍ ထိုဖားစည်များကို ပြန်၍ ပေးအပ်ရန် တောင်းဆိုလေ့ရှိကြသည်။ သို့သ်ာလည်း မရရှာကြချေ။
ထိုစည်တို့ကို အတင်းဆောင်ယူသွားသော မွန်ကရင် နှစ်ယောက်မှာ ဂေါ်လီဘေးနှင့် ဂေါ်ဆာပေါ်တို့ဖြစ်၍ အမြင့်အမြတ်ထားသော ဖားစည်တို့ကို ခိုးယူခြင်း တည်းဟူသော အပြစ်ကြောင့် မျက်စိများ နာရသည်ဟု ဆိုသည်။ ယခု ဒုံးရင်းရွာရှိ ထိုသူနှစ်ယောက်မှ ဆင်းသက်သော သား ၊ မြေး ၊ အဆက်အနွယ် တို့သည် ယနေ့အထိ ထိုသို့ပင် မျက်စိနာရောဂါ ရကြသည်ဟု ဆိုသည်။
[မှတ်ချက်ဂေါ်ကွာထူး (ဗမာ ကရင် ဘာသာ)
ဂေါ် = စည်ကို ရှေ့တည်၍ ခေါ်သောစကား ၊ ကွာ = ခါးစည်းအပတ် ၊ ထူး = ရွှေ ၊ စေး = ငွေ ။ ]
ကရင်လူမျိုး ခေါင်းဆောင် ထော့မဲဖ
မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)
ကရင်လူမျိုးတို့သည် မြောက်အရပ်ဆီမှ တဖြည်းဖြည်း ဆင်းလာ၍ မြန်မာပြည်တွင်းသို့ ရောက်ကြသည်။ ထိုသို့ မြောက်အရပ်၌ နေကြစဉ်က ကရင်လူမျိုးတို့၏ ပထမခေါင်းဆောင် အကြီးအမှူး ထော့ဖဲမ ဆိုသူသည် အလွန် အားအင်သန်စွမ်း ကျင်လည်သည့်အပြင် မိမိအမျိုးသားများအား ကောင်းစွာ ကာကွယ်စောင့်ရှောက်လေသည်။
တစ်ခါသော် မိမိတို့လယ်ယာကို အလွန် ကြီးမားကြမ်းတမ်းသော တောဝက်ကြီး တစ်ကောင်သည် လာရောက်တူးဆွ ဖျက်ဆီးလေ့ရှိ၏။ ထိုဝက်ကြီး၏ ရန်ကို ဖြိုဖျက်နိုင်သူမရှိဘဲ ကာလအတန်ကြာ အဖျက်အဆီး ခံနေကြရကုန်၏။
ထိုအခါမှ ထော့ဖဲမသည် ကိုယ်တိုင်ထွက်၍ နှိမ်နင်းရလေသည်။ အချိန်အတော်ကြာ တိုက်ခိုက်လေမှ ဝက်ကြီးသေ၍ ထားခဲ့ပြီးလျှင် ထော့မဲဖ ပြန်ခဲ့၏။ ဝက်ကြီးသေကြောင်းကို ကြား၍ ထော့မဲဖ၏ သားများသည် ဝက်သေကောင်ကိုယူရန် သွားကြရာ ဝက်သေကောင်ကို မတွေ့ရတော့ဘဲ တိုက်ခိုက်စဉ်က ကျိုးကျန်ရစ်ခဲ့သော ဝက်စွယ်တစ်ချောင်းကိုသာ တွေ့ကြရလေ၏။
ထော့မဲဖသည် ထိုဝက်စွယ်ကို ဘီးလုပ်၍ အသုံးပြုလေ၏။ ထိုဝက်စွယ်မှာ အလွန် ထူးဆန်းအံ့ဩဖွယ် ကောင်းသည်ကို တွေ့ရလေ၏။ ထိုဝက်စွယ်ကို ဆင်ယင် အသုံးပြုသူတို့သည် ပျိုရွယ်သန်မာသော အဖြစ်ကို ရကြလေ၏။ ဤသို့အားဖြင့် မကြာမီပင် မိမိတို့ ရပ်ရွာ၌ လူသူများပြားစွာ တိုးတက်လာလေ၏။
ဤသို့ လူပွားများလာ၍ နေရာကျဉ်းသဖြင့် နေရာထိုင်ခင်းအသစ်ကို ရှာဖွေရန် ထွက်ခွာလာခဲ့ကြလေ၏။ တဖြည်းဖြည်း လာခဲ့ကြရာ ကရင်ဘာသာဖြင့် ' ထီဆဲ့မဲ့ယွား ' ခေါ်သော မြစ်ကြီးတစ်ခုကို ရောက်လာလေ၏။ ထိုမြစ်ကြီးသို့ ရောက်ကြသော် ခရု စသည်တို့ကို တွေ့ရှိချက်ပြုတ်ကြရာ၌ အလွန် အချိန်ကြာ နှောင့်နှေးသည်နှင့် ထော့မဲဖသည် ၎င်း၏ လူတို့ကို မစောင့်တော့ဘဲ ရှေ့က သွားနှင့်လေ၏။ ထော့မဲဖက " သင်တို့သည် အလွန် လေးလံသောသူများ ဖြစ်ကြသည် ၊ ငါ မစောင့်နိုင်။ သို့ရာတွင် ငါ့နောက်ကို လိုက်လာနိုင်ကြအောင် ငါသွားရာလမ်းကို ရှင်းလင်းခုတ်ထွင် မီးရှို့၍ အမှတ်အသား ထားခဲ့မည်။ ငါ့နောက်သို့ လိုက်ခဲ့ကြ " ဆို၍ ရှေ့က သွားနှင့်ခြင်း ဖြစ်လေသည်။
ကာလအတန်ကြာသော် တရုတ်များ ပေါက်လာပြီးလျှင် ကရင်တို့အား ခရု စသည်တို့၏ အခွံများကို မည်သို့ခွဲထုတ်၍ အထဲမှ အသားကို ယူရပုံတို့ကို ပြသလေသည်။ ထိုအခါမှ ကရင်တို့သည် စားသောက်ပြီးလျှင် မိမိတို့၏ ခေါင်းဆောင်လူကြီး ထော့မဲဖ နောက်သို့ လိုက်ကြလေ၏။ ထိုသို့ လိုက်ကြရာ၌ ထော့မဲဖ ခုတ်ဖြတ်ခဲ့သော ငှက်ပျောပင် စသည်တို့သည် ကာလကြာပြီ ဖြစ်သဖြင့် ပြန်၍ အသစ်ပေါက် ထွက်ကြသည်နှင့် လမ်းပိတ်နေ၍ ကောင်းစွာ မသွားနိုင်ကြဘဲ ထော့မဲဖကို မမီနိုင် ရှိကြလေ၏။
ထိုသို့ မမီနိုင် ရှိကြသောအခါ ထိုအနားအနီး၌ပင် ချရပ် တည်ထောင်နေကြလေ၏။ ခေါင်းဆောင် ထော့မဲဖသည်ကား တန်ခိုးထက်မြက် ထူးဆန်းသော ဝက်စွယ်ဘီးကို ယူဆောင်၍ ရှေ့သို့သာ ဆက်လက် ထွက်သွားလေသည်။ ဝက်စွယ်ဘီးကိုလည်း ယနေ့တိုင် မတွေ့ကြရတော့ချေ။
မှတ်ချက်
ထော့မဲဖ (မြန်မာကရင်ဘာသာ)
ထော့ = ဝက် ၊
မဲ = အစွယ် ၊
ဖ = အဖ ၊ အဘိုး ။
သို့ကြောင့် " အဘိုးဝက်စွယ် = ဘိုးဝက်စွယ် " ဆိုလိုသည်။ မွန်ကရင်ဘာသာ နှင့်သော် " ထို့မေဖ " ခေါ်သည်။
ထီဆဲ့မဲ့ယွား (မြန်မာကရင်ဘာသာ)
ထီ = ရေ ၊
ဆဲ့ = တစ်လျှောက် ဖြတ်စီးသွားသည် ၊
မဲ့ = သဲ ၊
ယွား = စီးသွားသည်။
သို့ကြောင့် ဖြတ်စီးလျက်ရှိသော သဲချောင်းကြီး ၊ သဲမြစ်ကြီး ဆိုလိုသည်။
မွန်ကရင်ဘာသာနှင့်သော် " ထီဆေ့မေ့ယွား " ခေါ်သည်။
Posted by မင်းအရိပ်
No comments:
Post a Comment