Tuesday, October 11, 2016

ကချင် ဗမာ သမိုင်း



ကချင်လူမျိုး တို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက် တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့ စတင်၍ ကျုးကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်းလှန် ခဲ့ကြပါသည်။
ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက် ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများ လုံးဝမကြိုက်ပါ။

၁၉၄၂- ခု၊ မေလ(၅)ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သောလမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ ကားကိုလီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန်ပျံကွေ့)ဟု သမိုင်းဝင် တစ်နေရာအဖြစ် ဂျပန် ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့်ရှုကြသည်မှာ ကချင် တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။

၁၉၄၅-ခု၊ သြဂုတ်လ(၁၅)ရက်နေ့တွင် ဂျပန်များအကြွင်းမဲ့လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ပြန်လည် ဝင်ရောက်လာသော အခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏သဘောတူညီမှုစာချုပ် ချုပ်ဆိုပြရမည်ဟုဆိုခဲ့ရာ ၁၉၄၆-ခု၊ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ ရောက်ရှိ လာစဉ်က အခြေအနေကို ကြည့်လျှင် ကချင်ဗမာ ချစ်ကြည်ရေးကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ထိုနေ့က ကချင်ခေါင်းဆောင်များနှင့်ကချင်တိုင်းရင်းသား အများအပြား သည် မြစ်ကြီးနားဘူတာကြီးတွင် စုဝေးကြိုဆိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ယူနီဖောင်းကြီးဝတ်လျက် ခန့်ခန့် ညားညား တွေ့မြင့်ရမည်ဟု မျှော်လင့်ထားရာ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူအရပ်သားတို့နှင့်မခြား အရပ်ဝတ်ဖြင့် ထွက်လာသဖြင့် အံ့သြလျက် ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်ကို သဘောကျခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ကချင် တိုင်းရင်းသားခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၏ နေအိမ်တွင် တည်းခိုလျက် တစ်ညလုံး လွတ်လပ်ရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ပြီး ကချင်ဒေသအတွက် ထိုမျှအလေးထားခဲ့သည်။ (ဗိုလ်ချုပ်သည် ရှမ်းစော်ဘွားများနှင့် ချိန်းဆိုထား သော အစီအစဉ်ကို ကိုလှထွန်းအား ရှေ့ပြေးစေလွတ်လျက် ကချင် အရေးကို ဦးစားပေး ရောက်လာခြင်းဖြစ်သည်။)

ထို့အတူ မန်ခိန်း (Man Hkaring) ကျေးရွာတွင်ပြုလုပ်သော ကချင်ဒေသ လူထု အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ “ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ် နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့် သက်ဆိုင်သာ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)က တိုင်ပင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဘာသာရေး၌ လည်း လွတ်လပ်စွာကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေး မည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူ အခွင့်အရေး ရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင် ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ”ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင်ကြည်ညိုလေးစားသွားကြပါသည်။

မိန့်ကြားချက်ကို အလွန် နှစ်ထောင်းအားရခဲ့ပြီး ဗမာနှင့်အတူ မိမိတို့ လွတ်လပ်ရေးရယူရန် စိတ်ဝင်စားမှု ထက်သန်လာကြသည်။ ထိုနေ့ညတွင်ပင် ဂုဏ်ပြုညစာ စားပွဲကျင်းပရာ ကချင်ခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း အား ကျွန်တော်တို့ ဂျိန်းဖော့(ကချင်)တွေကို ညီအစ်ကိုရင်းချာ ပမာ အမြဲတမ်း ပံ့ပိုးကူညီ လမ်းပြပေးကြပါ ” ဟုပြောဆိုလျက် ဗိုလ်ချုပ်အား ကချင် ခေါင်းပေါင်း ပေါင်းပေးပြီး ကချင်ငွေဓါးလွယ်၊ ကချင် လွယ်အိတ် များ လွယ်ပေးကြရာ ခေါင်းပေါင်းက မတော်သဖြင့် ခေါင်းအနေအထားတူသော ဒူဝါဇော်ရစ်က သူ့၏ ခေါင်းပေါင်းနှင့်လဲပေးလိုက်သည်။ ထိုနောက် အမှတ်တရဓါတ်ပုံရိုက်ကူးရန် ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး(၆)ဦး၏ အလယ် တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ်

ကချင်တိုင်းရင်သားတစ်ယောက်မှ “ ဗိုလ်ချုပ်တော့ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့တော့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောလိုက်သည်ကို သတင်းထောက်ဦးပုလေးသည် အမိ အရ ရိုက်ယူနိုင်ခဲ့ရာ ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ရပေမည်။

ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ ရသည့် ချစ်ကြည်ရေး ဓါတ်ပုံ ။

အင်္ဂလိပ်အစိုးရမှ တောင်တန်းဒေသအုပ်ချုပ်ရေးမှူး ( Director of Frontier Area Administration) H.N.C Stevenson မြစ်ကြီးနားသို့ရောက်ရှိစဉ်ကချင်ခေါင်းဆောင်များနှင့်တွေ့ကာ(ကချင်ပြည်နယ်သီးခြားဖြစ်မှကချင်လူမျိုးများ တိုးတက် ကြီးပွားနိုင်မည်ဖြစ်၍ကချင်ပြည်နယ်သတ်မှတ်ပြီး ဗမာနှင့်ခွဲခြား အုပ်ချုပ်ရန်တင်ပြထားကြောင်း၊သို့သော် ကချင်တို့က ဗမာ များနှင့် ခွဲခြားမနေလိုကြောင်းကန့်ကွက်ပြောဆိုနေ၍မစီမံရသေးတာဖြစ်ကြောင်း၊ထို့ကြောင့် ဂျိန်းဖော့(ကချင်)တို့ကသီးခြား ပြည်နယ်ရယူလိုကြောင်း တောင်တန်းဒေသအုပ်ချုပ်ရေးအောက် ဆက်နေလိုကြောင်း ပါလီမန်အထူးကိုယ်စားလှယ် ရှေ့တွင် တစ်သံတည်းထွက်ပေးရန်နှင့်ဆက်နေပါက(၅)နှစ်အတွင်း ကချင်တို့ကို ဗမာတို့နှင့်တန်းတူ ပညာတတ်စေရန် အင်္ဂလိပ် အစိုးရက အစီအစဉ်ဆွဲထားပါကြောင်း ) စည်းရုံးပြောဆိုခဲ့ရာ ကချင်ခေါင်းဆောင်တစ်ဦးက ( ခင်ဗျားတို့ အင်္ဂလိပ်တွေ ကျွန်တော်တို့ ကချင်တွေကို နှစ်ပေါင်းငါးဆယ် အုပ်ချုပ်ခဲ့ပြီ ဖြစ်သော်လည်း တိုးတက်အောင် ဘာမှ မလုပ်ပေးခဲ့ဘူး၊ ပညာလည်းကောင်းကောင်းမသင်ပေး ခဲ့ဘူး။ ယခုမှခင်ဗျားပြောသလို တိုးတက်အောင်လုပ်ပေးမယ်၊ ပညာ သင်ပေးမယ် ဆိုတာကိုမယုံဘူး) ဟု ငြင်းပယ်ခဲ့ပြီး ဗမာနှင့်အတူလွတ်လပ်ရေးရယူပြီး ပြည်ထောင်စုဖွဲ့ရန်သာ စိတ်အား ထက်သန်ခဲ့သည် ကို ကြည့်ခြင်းအားဖြင့် ထိုစဉ်ကတည်းက ကချင်လူမျိုးများသည်မည်မျှချစ်ကြည်မှုရှိနေပြီဆိုတာ သမိုင်း တစ်ခု ပြနိုင်ခဲ့သည်။

သို့သော် ပင်လုံညီလာခံပြီးနောက်ပိုင်း ၁၉၄၇-ခု၊ ဇွန်လ(၁၀)ရက်နေ့တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက် နိုင်သည့်ဖဆပလညီလာခံတွင်ကချင်ပြည်နယ်ကိုသတ်မှတ်ပေးရန် အချက်အလက်မပြည့်စုံသဖြင့် ကချင်ခေါင်းဆောင် (၇) ဦး၏အဆိုအား ဦးနုနှင့်ဖဆပလကိုယ်စားလှယ်အများစုက ပယ်ချခဲ့ပြီး ကချင်ရေးရာဌာန(Kachin Affairs Department ) ကိုသာ သတ်မှတ်ရန်ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့်ကချင်ကိုယ်စားလှယ်(၇)ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် ညီလာခံမှ သပိတ်မှောက်ထွက်ခွာ၍ အလုံရပ်ကွက်ရှိ တည်းခိုသော ကချင်ဧည့်ဂေဟာသို့ ပြန်သွားခဲ့ကြပြီး နောက်နေ့ မှာပင် မြစ်ကြီးနားသို့ ပြန်ရန် ဆုံးဖြတ်ကြလေသည်

ထိုသို့သာ ကချင်နှင့်အတူ ရှမ်း၊ ချင်းကိုယ်စားလှယ်များ လိုက်လုပ်ကြ လျှင် ပြည်ထောင်စုဖွဲ့စည်းရေးရည်ရွယ်ချက် ပျက်ပျယ်တော့မည်ကို ချက်ချင်းရိပ်စားမိသော ဗိုလ်ချုပ်အောင်ဆန်းသည် ညတွင်း ချင်းပင် ကချင်ဂေဟာသို့ အပြေးအလွား သွားရောက်၍ ကချင်ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ (“ဒူဝါကြီးတို့ စိတ်ရှည်ကြပါ၊ မနက်ဖြန် ငါကိုယ်တိုင် ညီလာခံကို ဦးဆောင်ပါ့မယ်၊ ဒူဝါကြီးတို့ တောင်းဆိုတဲ့ အတိုင်း ကချင်ပြည်နယ်ကို သတ်မှတ်ပေးမှာပါ၊ ဒူဝါကြီးတို့ လိုအင်ဆန္ဒပြည့်ဝစေရမယ်၊ မနက်ဖြန် မြစ်ကြီးနားပြန်ဖို့ အစီအစဉ်ကို ဖျက်သိမ်း ပြီး ညီလာခံ ပြန်တက်ကြပါ ” ) ဟု ဖြောင့်ဖျ ပြောဆိုခဲ့သည်။

ပင်လုံညီလာခံကျင်းပပြီးနောက် မိမိတို့ ဒေသ အသီးသီးတွင် လူထုအစည်းအဝေးပွဲများ ကျင်းပလျက် ညီလာခံနှင့် စပ်လျဉ်း ၍ သဘောတုညီချက်များကို ဒေသပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အတူ တိုင်းပြု ပြည်ပြု လွတ်တော် ကျင်းပမည် ဖြစ်သဖြင့် တက်ရောက်ရန် ကိုယ်စားလှယ် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။

ရှေ့ အပိုင်း(၁) တွင် ဖော်ပြခဲ့သည့်အတိုင်း ဖဆပလ ခေါင်းဆောင်များနှင့် ပြေလည်မှုမရ၍ ပြန်တော့မည် ဒူဝါကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာရပ်ခံချက်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကြည်ညိုလေးစား ယုံကြည်မှုများကြောင့် နောက်တစ်ရက်တွင် ညီလာခံ ပြန်လည်တက်ရောက်ခဲ့သည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းမှ ကချင်ခေါင်းဆောင်များ တောင်းဆိုသည့် အတိုင်း ကချင်ပြည်နယ် သတ်မှတ်ရေးကို ဆွေးနွေး ဆုံးဖြတ် အတည်ပြုပေးခဲ့သည်။

အခြေခံ ဥပဒေ ပုဒ်မ ၁/၆တွင် “ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင် က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေတစ်ခု အဖြစ် သီးသန့် ဖွဲ့စည်းရမည်။ ထို ပြည်ထောင်စု အဖွဲ့ဝင် နယ်မြေကို ဤမှနောင်အခါတွင် ( ကချင်ပြည်နယ်)ဟူ ခေါ်ဆိုရမည် ဖြစ်သည်။ ” ဟု ရေးဖွဲ့ထားသည့် အတိုင်း မြစ်ကြီးနား အပိုင်း(၁)၊(၂) နှင့် ဗန်းမော်အပိုင်း (၁)၊(၂)တို့အား ပြည်ထောင်စုအဖွဲ့ဝင် အဖြစ် ပေါင်းစည်း၍ ကချင်ပြည်နယ် ဟု သတ်မှတ် ခဲ့ကြသည်။ ကချင် ပြည်နယ်၏ နယ်မြေ အကျယ်အဝန်းသည် အရှေ့လောင်ဂျိ တွဒ် ၉၆ံ နှင့် ၉၈ံ ၄၈ ကြား ၊ မြောက် လတီ တွဒ် ၂၃ံ ၂ရ နှင့် ၂၈ံ ၅၅ ကြား ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း(၃၄၃၇၉)ခန့် ရှိသည်။ ကချင်ပြည်နယ်သည်ပြည်နယ်များတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ နယ်စပ်မျဉ်းအဖြစ်အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည် တို့မှ နယ်မြေသတ်မှတ်ယူ၍ ကချင်ပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည်။

နိုင်ငံရေး အကင်းပါးသော ဦးနုက ကချင်များကို ပြည်နယ် သတ်မှတ်ပေးသည့်အတွက် ကချင်ခေါင်းဆောင်များ ထံမှ ဂတိ တစ်ခု တောင်းပါသည်။ ထိုဂတိမှာ “ကချင်တိုင်းရင်းသားများသည် လွတ်လပ်ရေးရပြီးနောက် ဘယ်တော့ အခါမှ ပြည်ထောင်စုမှ မခွဲထွက်ရန်” ဟူသော ဂတိစကားဖြစ်သည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံတွင် ကချင်ပြည်နယ် ကို ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့်ကို ထည့်သွင်းမထားခြင်း ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ၁၉၄၈-ခု၊ ဇန္နဝါရီလ(၄)ရက်နေ့ နံနက်(၄)နာရီတိတိ တွင် ဗြိတိသျှအစိုးရ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် (၆)ရက် အကြာတွင် ဇန္နဝါရီလ(၁၀)ရက်နေ့၌ ကချင်ပြည်နယ်ကို တရားဝင် မွေးဖွားခဲ့ပြီး “ ကချင်ပြည်နယ်နေ့” ဟု သမိုင်းဝင် သတ်မှတ် ခေါ်တွင်ခဲ့ပါသည်။

ထိုနေ့တွင် မြစ်ကြီးနားမြို့ စီတာပူ၊ မနောကွင်း၌ ပထမဆုံးအကြိမ် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ထို မနောပွဲသို့ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတကြီး (ဦး) စဝ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နံနက်(၈)နာရီတွင် မနော မဏ္ဍပ်ကြီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

( မြန်မာနိုင်ငံ၏ ပြည်ထောင်စု ဖွဲ့၍ အစိုးရသစ်ပေါ်ထွန်းချိန်တွင် ပထမဆုံးသမ္မတမှာ ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ဖြစ်နေသည်ကို ရှု ကြည့်လျှင် ရှေးအခါက ချစ်ကြည်ရေးကို တွက်ဆနိုင်ပါသည်။)

တဆက်တည်းမှာပဲ သမ္မတကြီးသည် ပထမဆုံးသော ကချင်ပြည်နယ်ကောင်စီကိုဖွဲ့စည်းပေးပြီး ကချင်ခေါင်းဆောင် ဆမား ဒူဝါ ဆင်ဝါးနောင် အား ပြည်နယ်၏ ပထမဆုံးကောင်စီဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်လျက် ကျမ်းသစ္စာ ကျိန်ဆို စေခဲ့ပါသည်။ တချိန်တည်းမှာပင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေစာအုပ်ကို ကောင်စီဥက္ကဌသစ် လက်သို့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကချင်ပြည်နယ်အစိုးရသစ်ကိုလည်း တစ်ပြိုင် တည်း ဖွဲ့စည်းလျက် ဇန္နဝါရီလ(၁၀)ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်တစ်ရပ်အဖြစ် လူသိရှင်ကြား အခိုင်အမာ အတည်ပြုပေးခဲ့သည်။ ထိုနေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး မနောပွဲတော်ဟု လူသိများလျက် ကချင်ပြည်နယ်နေ့ ကို ကျင်းပနေသည်မှာ ယနေ့တိုင်ထိအောင် ဖြစ်ပါသည်။

နောက်ဆုံး အာဏာမသိမ်းခင်ထိ ဥက္ကဌမှာ ဒူဝါဇော်ရစ် ဖြစ်ပြီး ခြောက်လခန့်သာ တာဝန်ယူခဲ့ရသော်လည်း တိုတောင်း လှသည့် အုပ်ချုပ်မှုကာလတွင် ကချင်ပြည်နယ်ကို ရှိရင်းစွဲထက် များစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့သူဟု ကျော်ကြားသည်။

ဆမားဒူဝါဆင်ဝါးနောင်သည် နိုင်ငံတော်သမ္မတရာထူးကိစ္စနှင့် ရန်ကုန်မြို့သို့အသွား လမ်းခုလပ်မှာရောက်ဆဲ (၂-၃-၁၉၆၂) ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းလိုက်သည်။ ရန်ကုန်ရောက်သော် သမ္မတရာထူးနှင့် ပတ်သက်၍ သတင်းထောက်များက “ စစ်တပ် အာဏာသိမ်းသည့် အပေါ် ဒူဝါကြီး ဘယ်လိုမြင်သလဲ” ဝိုင်းမေးကြရာတွင် ဆမားဒူဝါဆင်ဝါးနောင်က “ ငါ့လိမ္မော်ခြံလောက်တောင်မှ စိတ်မဝင်စားဘူး” ဟု ပြန်ဖြေသည်။ မြစ်ကြီးနား ပြန်ရောက် တော့လည်း ဆွေမျိုးများက စိတ်မကောင်းစွာ ကြိုဆိုကြသည်ကိုတွေ့တော့ ၎င်းက ဘာမှခံစားမှု မပြပဲ “ အခုတော့ ငါလည်း မင်းတို့နှင့်ဘာမှ မခြားတော့ဘူး၊ မင်းတို့နှင့် အတူတူ တောင်ယာခုတ်စားမှာပေါ့” ဟုဆိုလေ၏ ။

ကချင်လူမျိုးများထဲတွင် ပထမဆုံး တက္ကသိုလ်ဘွဲ့ ရရှိသူမှာ ဗိုလ်မှူးကြီး လဖိုင်ခွန်နောင် ( Lahpai Hkun Nawng ) ဖြစ်သည်။

ကချင်ပြည်နယ်၏ ပထမဆုံး အရေးပိုင် (D.C) သည် ဒူဝါ လဖိုင်ဇော်ဂျွန်း (Du Wa Lahpai Zau Jun ) ဖြစ်သည်။

ကချင်တိုင်းရင်းသားတို့သည် မိမိနိုင်ငံတော်ကိုအထူးချစ်မြတ်နိုးပြီးတန်ဖိုးထားတတ်သောလူမျိုးများဖြစ်ကြသည့် အားလျော် စွာ ကျူးကျော်ဝင်ရောက်သော အင်္ဂလိပ်၊ ဂျပန် တို့အား အသက်ပေါင်းများစွာ စွန့်လွတ်ခံ၍ ကာကွယ်တိုက်ခိုက်ပေးခဲ့သော လူမျိုးများဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးခါစ ပြည်ထောင်စုနိုင်ငံတော်အား ကာကွယ်ရာတွင်လည်း ကချင်တိုင်းရင်းသား တို့သည် ထိပ်ဆုံးမှပါဝင်ခဲ့သည်ကို သမိုင်းတွင်တွေ့ရှိနိုင်ပါသည်။ ထိုအချိန်က ရောင်စုံသူပုန်များ ပေါ်ပေါက်စဉ်ကာလဖြစ်ပြီး ကချင် တပ်ရင်းများ၊ ကချင်တိုင်းရင်းသားများ မှ ပြည်ထောင်စုအတွက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်၍ ကာကွယ်ခဲ့ကြသည်။ (အင်းစိန်တိုက်ပွဲသည် အထင်ရှားဆုံး ဖြစ်သည်။)

ကချင်လူမျိုးများသည် ဗမာအပါအဝင်အခြားတိုင်းရင်းသားတို့နှင်ပါ သင့်မြတ်ချစ်ခင်နေခဲ့ပြီး နယ်ချဲ့ခေတ် ကာလများကို လက်တွဲ၍ တိုက်ပွဲဝင်ခဲ့ကြသော လူမျိုးများဖြစ်သည်။ ရှေးယခင် ဗမာမင်းဘုရင်များ လက်ထက် များတွင် ( ဗမာဘုရင်၏ လက်အောက်သြဇာခံများ မဟုတ်ခဲ့ပဲ ) သီးခြားရပ်တည်နေခဲ့သော ကချင်ဒူဝါ အများအပြား၏ ကချင်ဒေသ နှင့် ကချင်လူမျိုး တို့သည် ဗမာဘုရင်များနှင့် မဟာမိတ်ဖွဲ့ခြင်း၊ လက်ဆောင်ပဏ္ဍာ၊ သမီး-ကညာလဲလှယ်ခြင်း တို့ဖြင့် ချစ်ကြည်စွာ နေထိုင်ခဲ့ကြသူများဖြစ်သည်။
ထင်ရှား၍ယနေ့တိုင် သက်သေ ပြုနိုင်သော သမိုင်းသာဓက တစ်ခုပြရလျှင် ဗမာဘုရင်များသည် တရုတ်နှင့် စစ်ခင်းနေသည့်ကာလက ကချင်တို့ နေထိုင်ရာ မြစ်ကြီးနားမြို့အနီးရှိ မန်ခိန်း (Man Hkring) ကျေးရွာ၌ ခေတ္တစခန်းချ နေထိုင်ခဲ့ကြသည်။ ထိုရွာ၏ မန်ခိန်း ဆိုသော အမည်ကိုက Man ဆိုသည်မှာ ဗမာလူမျိုးကို ခေါ်ဆိုပြီး Hkring ဆိုသည်မှာ ရပ်နားခြင်း ဟူ၍ မှည့်ခေါ်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
ထိုအချိန် ကတည်းက ဗမာနှင့် ကချင်သည် ရင်းရင်း နှီးနှီး ဆက်ဆံနေထိုင်ခဲ့ပြီး လိုအပ်သောအကူအညီများ ပေးခဲ့ကြသည်ကို တွေ့မြင် နိုင်သည်။ ၎င်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကလည်း ကချင်+ဗမာ ချစ်ကြည်ရေး ကို ခိုင်မာအောင် တည်ဆောက် ပေးခဲ့ပြီး ဖြစ်သည်။

လေးစားချစ်ကြည်စွာ နေထိုင်နိုင်ရေး မျှော်လင့်လျက်-
ကိုဝိုင်ဝိုင်ကေ
ကိုးကား-
ဒေါက်တာ ဦးမနာမ်တူးဂျာ ၏ ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေးနောက်ခံသမိုင်း ဖြစ်ရပ်မှန်အကျဉ်း

ဖေ့ဘုတ်မကူးယူတင်ပြအပ်ပါသည်။
လာရောက်လည်ပတ်သူအားလုံး ချမ်းမြသာရာ ရှိကြပါစေ။

No comments:

Post a Comment