Saturday, January 23, 2016

** ဗုဒ္ဓဘာသာဝင်တို့အား ဘုရားယုံခဲ့သည် **

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး အဇပါလညောင်ပင်ရင်း၌ မြတ်စွာဘုရား သီတင်းသုံးနေစဉ် မာရ်နတ် လာရောက်၍ "အရှင်ဘုရားတောင့်တသည့် ဘုရားအဖြစ်သို့ ရောက်ရှိပါပြီ၊ လောကထဲ လှည့်လှည်နေခြင်းဖြင့် ဘာအကျိုးမှ မရှိပါ၊ ပရိနိဗ္ဗာန် ပြုတော်မူပါ" ဟု တိုက်တွန်းလျှောက်ထား၏။ မြတ်စွာဘုရားက-
၁။ ဝိယတ္တာ-ငါဘုရား၏ တပည့်သားသမီးဖြစ်သော ရဟန်း, ရဟန်းမ, ဒါယကာ, ဒါယိကာမ၊ ပရိသတ်(၄)ပါးတို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိတတ်သော ပညာဉာဏ်ဖြင့် ထက်ထက်မြက်မြက် မရှိကြသေး။
၂။ ဝိနီတာ-မဆုံးမရသေး။
၃။ ဝိသာရဒါ-ကြောက်ရွံ့ခြင်းကင်းစွာဖြင့် မရဲရင့်ကြသေး။

၎။ ဗဟုဿုတာ-ပိဋကတ်သုံးပုံဟူသော တရားတော်များကို မဆောင်နိုင်ကြသေး။
၅။ ဓမ္မာနုဓမ္မပ္ပဋိပန္နာ-လောကုတ္တရာတရား ကိုးပါးအားလျော်သော ဝိပဿနာတရားကို ကျင့်မပြီးကြသေး။ အစဉ်သဖြင့်လည်း ကျင့်လေ့မရှိကြသေး။
၆။ အာစရိယကံ-ငါဘုရားတရားတော်များကို သူတစ်ပါးတို့အား မဟောကြား မပြသနိုင်ကြသေး။
၇။ ပရပ္ပဝါဒံ-ဆန့်ကျင်ဘက်အယူဝါဒတို့ကို တရားသဖြင့် မနှိမ်နှင်းနိုင်ကြသေး။
ငါဘုရား၏ တပည့်သားသမီးဖြစ်သော ပရိသတ်လေးပါးတို့သည် ဤဂုဏ်အင်္ဂါ အရည်အချင်းများနှင့် မပြည့်စုံသေးသမျှ ငါဘုရား ပရိနိဗ္ဗာန် မစံနိုင်" ဟု မိန့်တော်မူ၍ မာရ်နတ်၏ တိုက်တွန်း လျှောက်ထားချက်ကို ပယ်တော်မူခဲ့သည်။
(၄၅)ဝါ ပတ်လုံး မြတ်စွာဘုရား မနားမနေကြိုးပမ်းခြင်းသည် တပည့်သားသမီးဖြစ်သော ဗုဒ္ဓဘာသာဝင် ပရိသတ်လေးပါးတို့အား ဤဂုဏ်အင်္ဂါ အရည်အချင်း(၇)ရပ်နှင့် ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်သည်။ ပရိသတ်လေးပါးတွင် ဤဂုဏ်အင်္ဂါအရည်အချင်း (၇)ရပ်နှင့် ပြည့်စုံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုသွားခြင်း ဖြစ်သည်။ သာသနာတော်မြတ်ကို ဗုဒ္ဓဘာသာဝင်တို့လက်ထဲ ယုံယုံကြည်ကြည် စိတ်ချလက်ချထားရစ်ခဲ့သည်ဟု ဆိုနိုင်သည်။
ဖော်ပြပါ ဤဂုဏ်အင်္ဂါအရည်အချင်း (၇)ရပ်နှင့် အမှန်တကယ်ပြည့်စုံသူဖြစ်ပါက မယုံကြည်ချင်စရာလည်း မရှိ။ စိတ်မချလောက်စရာလည်း မရှိ။ ဤဂုဏ်အင်္ဂါအရည်အချင်း (၇)ရပ်နှင့် ပြည့်စုံသူသည် သားသမီးဖြစ်လျှင် မိဘဂုဏ်ကို ဆောင်နိုင်သည်။ တပည့်ဖြစ်လျှင် ဆရာ့ဂုဏ်ကို ဆောင်နိုင်သည်။ အဖွဲ့အစည်းဝင်ဖြစ်လျှင် ယင်းအဖွဲ့အစည်း၏ဂုဏ်ကို ဆောင်နိုင်သည်။
မိမိတပည့်သားသမီးကို ယုံယုံကြည်ကြည် စိတ်ချလက်ချ မျက်နှာလွှဲ တာဝန်လွှဲခဲ့လိုသော မိဘတိုင်း ဆရာတိုင်း ခေါင်းဆောင်တိုင်း လူကြီးတိုင်းသည် မြတ်စွာဘုရားနည်းကို မှီ၍ မိမိတို့၏ တပည့်သားသမီးများကို ပညာတတ်အောင် သင်၊ အမှန်တရားအတွက် သတ္တိရှိအောင် ပုံသွင်း ၊ ဗဟုသုတများအောင် ပံ့ပိုး၊ ကျင့်သင့်တာ ကျင့်၊ ဆောင်သင့်တာ ဆောင်၊ ရှောင့်သင့်တာ ရှောင်စေလျှက် ခန့်ခန့်ထည်ထည်ဖြင့် လူရာဝင်ဆန့်အောင် မိမိတို့ သက်ရှိထင်ရှားရှိနေစဉ်မှာပင် အစဉ်တစိုက် စနစ်တကျ ပြုစုပျိုးထောင်ပေးသင့်ကြောင်း ပြောလိုရင်း ဖြစ်သည်။
--
အညွှန်း . . .သုတ်မဟာဝါအဋ္ဌကထာ၊ မာရယာစနကထာအဖွင့်
Ashin AthaKa
23.1.2016
Ashin AthaKa's photo.

No comments:

Post a Comment