Tuesday, October 11, 2016

ဆဘီးယန်ဘုရင်မပုံပြင်


ဒီပုံပြင်ကို ဇာဒက်ကြီးကျွန်း (St. Mattew) ဆလုံအုပ်စုမှာ ကြားရလေ့ရှိပါတယ်။ ပုံပြင်လေးက ၀မ်းနည်းစရာ လေးပါ။ တခါတုန်းက ကုန်းမြေတစ်ခုမှာ ဆဘီယန် (Sibian) ဆိုတဲ့ ဘုရင်မတစ်ပါးအုပ်စိုးတယ်။ သူ့မမှာ ညီမတစ် ယောက်ရှိပြီး နာမည်က ကင် (ုနာ) လို့ခေါ်သတဲ့။
တနေ့မှာ အနောက်ဘက်က သင်္ဘောပျက်ပြီးမျောလာတဲ့ လူငယ်တစ် ယောက် ဆဘီယန်တို့ပြည်ကို ရောက်လာတယ်၊ နာမည်က ဂျမန်း(Gaman)တဲ့။ ဒီလိုနဲ့ ဂျမန်းဟာ ဆဘီယန်နဲ့ငြိပြီး ကြင်ယာ တော် ဖြစ်လာတယ်။ နောက်တော့ ခယ်မ ကင် နဲ့ ဇတ်လမ်းကဆက်ပါလေရော။

ဒါကိုသိသွားတဲ့ ဆဘီယန်ဟာ ညီမဖြစ်သူကို အမျက်တော်ရှပြီး နောက်လိုက်နောက်ပါတွေနဲ့အတူပင်လယ်ထဲသွားနေဖို့ အမိန့် ချတယ်။ တဆက်တည်း အစားအစာနဲ့ အ၀တ်အထည်အတွက် လိုအပ်ရင် ပင်လယ်ထွက်ပစ္စည်းနဲ့ လာရောက်လဲ လှယ်ခွင့် ပြုပေမဲ့ စိုက်ပျိုးရေးကို လုံးဝမလုပ်ရဘူးလို့လည်း အမိန့် ချလိုက်သေးတယ်။

ဂျက်ဇ်အဆိုအရ စိုက်ပျိုးရေးလုပ်ရင် လူစုရွာတည်-မြို့ပြဖြစ်- အင်အားတောင့်လာရင် သူ့ကိုပြန်တော်လှန်မှာစိုးလို့တဲ့။ တကယ်လည်း ဆလုံတွေဟာ ဘာစိုက်ပျိုးရေးမှမလုပ်ပါဘူး စိုက်ပျိုးဖို့ တောခုတ်ရင် နတ်ဖမ်းစားမယ်လို့ အယူရှိပါတယ်။
မြိတ်ကျွန်းစုထဲက လူမနေတဲ့ သဘာဝကျွန်းရိုင်းတွေပေါ်မှာ အုန်းပင်၊ သင်္ဘောပင်၊ မန်ကျည်းပင် နဲ့ သရက်ပင်အချို့ တလေ တွေ့ရလေ့ ရှိပါတယ်။ ဒါတွေဟာ ဆလုံတွေရဲ့လက်ရာပါ။ ဒါပေမဲ့ ဆလုံတွေက ငါဟာလို့ ဘယ်တော့ မှမပြောပါဘူး။ စားချင်သူယူစားနိုင်ပါတယ်။ အထူးသဖြင့် အုန်းပင်တွေဟာ မြန်မာတံငါသည်တွေ အုန်းဖူးခုတ်စားလို့ သေကုန်သလို သင်္ဘောပင်တွေဟာလည်း မျိုးဆက်မရှိအောင် ခူးစားခံရလို့ မျိုးတုန်းသွားတတ်လေ့ရှိပါတယ်။

ဆလုံတွေအုန်းပင်စိုက်တာ ပစ်စလက်ခတ်ပစ်ချထားရင်း သူဖာသာသူပေါက်လာတာမျိုးမဟုတ်ပါဘူး။ ဒီလိုလဲ ပစ်ထားလို့ မရပါ၊ ကျွန်းတွေရဲ့ ကမ်းစပ်တွေမှာ ကြီးစိုးတဲ့ မျောက်တံငါတွေဟာ ဘာသစ်သီးသစ်စေ့မှ အလွတ်မပေးပါဘူး။ ဒီတော့ အသေအချာမြေမြုတ်ပြီး စိုက်ပျိုးပါတယ်။ ဒါပေမဲ့ သူပိုင်တယ်လို့ ဘယ်တော့မှမပြောပါ။ ဒါဆဘီယန်ကျိန်စာကိုကြောက်လို့လို့ ဂျက်ဇ်က ယူဆပါတယ် ....

ဒါကလည်း သူ့ရဲ့ မှန်းဆချက်သက်သက်ဖြစ်ပြီး ပညာရှင်အတော်များများက ငြင်းချက်ထုတ်ထားကြပါတယ်။ ကလေးငယ်လေးတစ်ယောက်တောင် ရေထဲခုန်ဆင်လိုက်ယုံနဲ့ စားစရာအလွယ်တကူရနိုင်တဲ့နေရာမှာ ဘယ်သူက အပင်ပန်းခံပြီး စိုက်ပျိုးရေးလုပ်နေဦးမှာလည်းတဲ့။
ဆလုံတို့၏မူလအစ ..အဆက်

ဆလုံတွေဘာကြောင့်ရေမှာနေရသလဲ ဆိုတဲ့မေးခွန်းလိုဘဲ နောက်မေးခွန်းတစ်ခုက ဘယ်အချိန်လောက်ကစပြီး မြိတ်ကျွန်းစုမှာအခြေချနေထိုင်ကြသလဲ ဆိုတဲ့မေးခွန်းဖြစ်တယ်။ ဒါကိုလည်း ဘယ်ပညာရှင်ကမှတိတိပပ မဖြေနိုင်သေးပါဘူး။

ဆလုံတွေဟာ ပြောင်းရွေ့လာသူတွေမဟုတ်ဘူးဒီဒေသဖွားတွေသာဖြစ်တယ်လို့ ကောက်ပင်ရိတ်လှီး ပြောတဲ့ ပညာရှင်တွေရှိသလို လူမျိုးတွေအားလုံးဟာ ပြောင်းရွေ့လာတာ ဆိုတဲ့ အယူအဆကို ရင်ထဲမှာထုတ်မရသူတွေ ကတော့ ဆလုံတွေဟာ နေရာတစ်ခုခုမှ ပြောင်းရွေ့လာသူတွေ လို့ ယူဆနေတုန်းပါဘဲ ....

Caesar Frederick ဆိုတဲ့ အင်္ဂလိပ်တစ်ယောက် ၁၅၆၇မှာ ရေးတဲ့ မှတ်တမ်းတစ်ခုမှာ တနင်္သာရီအကြောင်း ဖေါ်ပြထားပေမဲ့ ဆလုံတွေအကြောင်း တစ်လုံးတစ်ပါဒမှ မပါခဲ့ဘူး။ တခါ Ferdinand Mendez Pinto ဆိုတဲ့ ပေါ်တူဂီ ၁၅၄၅မှာ ရေးခဲ့တဲ့ မှတ်တမ်းမှာလည်း မပါခဲ့ပါဘူး။ ပင်တိုဟာ ၁၅၄၅မှာ Jun Calon, Merguim, Vagerim, နဲ့ Tavay ဆိပ်ကမ်းတွေကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Tavay ဆိုတာက ထားဝယ် ဖြစ်ပြီး၊ Merguim က မြိတ်မြို့ကို ရည်ညွန်းမှန်းသိပေမဲ့ကည Jun Calon နဲ့ Vagerim ဆိုတာ ဘယ်မြို့ ဆိပ်ကမ်းကို ဆိုလိုမှန်းမသိပါ။ ပင်တို ရော ဆီဆာ ရော ၂ယောက်စလုံး ပြောခဲ့တာက မြိတ်ကျွန်းစုမှာ ကျွန်းကြီးကျွန်းငယ်နဲ့ ခိုအောင်းစရာ တွေ အရမ်းပေါ်ပေမဲ့ ဘယ်သူမှမရှိဘူး။ တခါတလ မလေးလှေငယ်လေး တစ်စင်းစ နှစ်စင်းစ တွေ့တာကလွဲရင်လို့ မှတ်သားခဲ့ကြပါတယ်။

ဒါပေမဲ့ ၁၇၈၃မှာ အင်္ဂလိပ်ရေတပ်ဗိုလ် Captain Forrest ဟာ မြိတ်ကျွန်းစုတစ်ခုလုံး လှည့်လည်သွား ရောက်ပြီး ကျွန်တွေနဲ့ ရေကြောင်းအတိမ်အနက်ကို အသေးစိတ် မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၇၉၂ထုတ် သူ့ရဲ A voyage from Calcutta to Mergui archipelago, lying on the east side of the Bay of Bengal စာအုပ်ထဲမှာ ...

“၁၁ရက် -သောကြာနေ့။ Flat ကျွန်းအနောက်ဘက်ရေပြင်မှာ ရွက်လွင့်ပြေးလွားနေတဲ့ လှေငယ်၂စင်းကို မြင်ရတယ်။ ရွက်ကတော့ အင်ဒိုနီးရှား အာချေးဒေသက ရွက်တိုင်မျိုး၊ လှေပေါ်မှာ လူ၈ယောက်-၁၀ယောက် လောက်ပါမယ်၊ Flat ကျွန်းနဲ့ Bonnets ကျွန်းကြားက ဖြတ်ဝင်လာပြီး ကျွန်တော်တို့ကိုတွေ့တော့ မြောက်ဘက် လှည့်သွားပြီး Bowen ကျွန်း မော်စွယ်မှာ ကျောက်ချလိုက်ကြတယ်။ ကျွန်တော်တို့နဲ့တော့ အတော်လှမ်းပါတယ်။ သူတို့ကိုကြည့်ရတာ ကျွန်တော်တို့ကို အရမ်းကြောက်လန့်နေပုံပါဘဲ။ သူတို့က ဒီဒေသမှတွေ့ရလေ့ရှိတဲ့ ဗမာ-ထိုင်း-မလေး တွေတော့ ဟုတ်ဟန်မတူဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နဲ့စကားပြောဖို့ ကျွန်တော်ကြိုး စားကြည့်မယ်။ ဒီကျွန်းစုကြီးမှာက စကားပြောဖို့ လူတွေသိပ်ရှိတာမှမဟုတ်တာ။ ကျွန်တော်ကတော့ အရမ်းဝမ်းသာတာဘဲ။” လို့ ရေးသား မှတ်တမ်းတင်ထားပါတယ် ...
၁၉၀၉မှာရေးထားတဲ့ Carrapiett ရဲ့ မှတ်တမ်းမှာကျတော့ ၁၈၁၉မှာ အနောက်တိုင်းသားတွေဟာ ပင်လယ်ဓါးပြ တွေရဲ့ရန်ကို ကြောက်လန့်လို့ ပုံးရှောင်နေတဲ့ လှေပေါ်နေ လူမျိုးစုတွေနဲ့ စကားပြောနိုင်ပြီလို့ ရေးမှတ်ထား ပါတယ်။ (ကြည့်ရတာ ဘုရင့်နောင်ရဲ့ ပဲခူးကျသွားပြီး မြိတ်ဟာ ထိုင်းတွေလက်အောက်ကျသွားချိန် ယိုးဒယား ဘုရင် နာရိုင်းရဲ့ မြိတ်မြို့စား အင်္ဂလိပ်လူမျိုး ဆင်မြူရယ်ဝှိုက်လက်ထက်မှာ ဆလုံတွေ အတော်ဒုက္ခ ရောက်ခဲ့ ပုံဘဲ။ ဒီ Simese White ဆင်မြူရယ်ဝှိုက်ဟာ မြိတ်မြိုစားလုပ်ရုံတင်မက ဓါးပြပါတိုက်သူမို့ ဆလုံတွေကို သူ့လုပ်ငန်းမှာသုံးမယ်။ နောက်တော့ သူပြေးတော့ ဆလုံတွေအသတ်ခံရတာတို့ ဘာတို့ ဖြစ်မယ်ထင်တယ်။ ဒါကြောင့် ကျွန်းကြိုကျွန်းကြားရှောင်တိမ်းနေတာလည်း ဖြစ်နိုင်တာဘဲ)

၁၉၂၂ မှာရေးတဲ့ ခရစ်ယာန်သာသနာပြု အင်္ဂလိပ်လူမျိုး ဖာသာ Walter Grainge White ရေးတဲ့ The Sea Gypsies of Malaya စာအုပ်ထဲမှာ ကုန်းဘောင်းခေတ် ဘကြီးတော်ဘုရားလက်ထက်မှာ ဆလုံအချို့ကို ဖမ်းပြီး ထူးဆန်းအရိုင်းအစိုင်းတွေအဖြစ် မြိတ်မြို့စားက ဘုရင့်ရှေ့တော်မှောက်ပို့ဖူးတယ်။ ဘုရင်က မြန်မာစာနဲ့ ယဉ်ကျေးမှုသင်ပေးပြီး သူတို့ဒေသမှာ ကြီးပွားအောင် ပြန်လုပ်စေလို့ အမိန့်ချမှတ်ခဲ့ဖူးတယ်လို့ ရေးထားပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီဒေသက မလေးတွေကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ ဆလုံတွေ မကိုးကွယ်တာကြည့်ရင် အစ္စလာမ်ဘာသာ ဒီဒေသကိုရောက်တဲ့ အေဒီ ၁၀ရာစု မတိုင်မှီကတည်းက ဒီဒေသကို ရောက်ရှိနေထိုင်နေသူ တွေလို့ သိနိုင်သလို၊ မလေးလို သက္ကဋဘာသာ ရောနှောမပြောတဲ့ ဆလုံစကားကိုထောင့်ချင့်ရင် သြော် စတြိုနီးရှန်းတွေရဲ့ ဟန္ဒူအင်ပါယာကြီးဖြစ်တဲ့ အေဒီ၃ရာစုက သီရိဝိဇယ (Srivijaya) အင်ပါယာထက် စောပြီးတောင် ဒီဒေသကို ရောက်ချင်ရောက်နေမယ်လို့ မှန်းဆရပါတယ် ..

လာရောက်လည်ပတ်တဲ့ အထူးပဲကျေးဇူးတင်ပါတယ်။
လာရောက်လည်ပတ်သူအားလုံးချမ်းမြသာယာရှိကြပါစေ။

No comments:

Post a Comment