Saturday, January 30, 2016

ပျူဟာ ဗမာလား ၊ ထားဝယ်လား

ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ပျူတွေ ဘယ်ရောက်သွားလဲ စာအုပ်ထဲမှာ ပျူတွေဘယ်ရောက်သွားလဲလို့ မေးရင် "ငါဒီမှာဟေ့ လို့ အော်လိုက်ချင်တာပဲ" ဆိုပြီး ရေးခဲ့ဖူးပါတယ်။
ဆရာကြီးဟာ အင်မတန် ပညာရှင်ပီသတဲ့ ပုဂ္ဂိုလ်လို့ပြောရမှာပါ။ သူစွမ်းနိုင်သမျှ ရှာဖွေလေ့လာခဲ့တဲ့ အထောက် အထားတွေအရ "ငါဒီမှာဟေ့လို့ အော်လိုက်ချင်တာပဲ" ဆိုတဲ့ စကားလောက်ကိုပဲ ပြောခဲ့တာပါ။
အင်မတန်မှ စေ့စပ်သေချာလှတဲ့ ဆရာကြီးဟာ သူမလိုက်နိုင်တော့တဲ့အရာကို ငါ့စကားငါ့နွားရမပြောခဲ့ပါဘူး။ ဒါပေမဲ့ သုတေသနစံနှုန်းနဲ့ညီတဲ့ တွေ့ရှိချက်ကိုတော့ ဆရာကြီး ဟာ ပညာရှင်ပီပီ တန်ဖိုးထားပါတယ်။

ကျွန်တော်တပ်က ထွက်ပြီး နယ်စပ်မြို့လေးမှာနေတော့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ တပည့်တစ်ဦးဖြစ်တဲ့ IR က လက်ထောက် ကထိကနဲ့ ထွက်လာတဲ့ ချင်းအမျိုးသား ဆရာအက်စ်ပန်း နဲ့ အိမ်နီးချင်းနေခဲ့ရပါတယ်။
ဆရာကြီးဒေါက်တာသန်းထွန်း မန္တလေးကနေ ရန်ကုန်ပြောင်းတော့ ဆရာကြီးရဲ့ စာအုပ်စာတမ်းတွေ၊ သမိုင်းနဲ့ ရှေးဟောင်း သုတေသန အထောက်အထားတွေ ရထားတွှဲစ်တွဲစာ တွဲငှားပြီး သယ်ရတယ်လို့ပြောပါတယ်။
ဆရာကြီး အိမ်ကိုဘယ်အချိန်သွားသွား ထမင်းစားချိန်နဲ့ အိပ်ချိန်ကလွဲလို့ စာဖတ်ရင်ဖတ်၊ မဖတ်ရင် သုတေသနအလုပ်တစ်ခုခု အမြဲတမ်းလုပ်နေတတ်တယ်လို့ ဆိုပါတယ်။
ဆရာကြီးရဲ့ပညာရပ်ဆိုင်ရာ ခံယူချက်နဲ့ပတ်သက်လို့ကတော့ ဆရာကြီးရေးတဲ့ သုတေသနထုံး စာအုပ်ကိုသာ ဖတ်စေ ချင်ပါတယ်။ သမိုင်းကျမ်းတစ်စောင်၊ သုတေသနစာတမ်းတစ်စောင်ရေးမယ့်သူဟာ ဘာတွေရှာပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ အသေးစိတ် အကြံပေးထားတာပါ။
ဆရာကြီးရဲ့ထင်ရှားတဲ့ အဆိုအမိန့်တွေကတော့ "သမိုင်းဆိုတာ အထောက်အထားမရှိရင် မပြောရ" ဆိုတာနဲ့ "သမိုင်းကို မအ အောင်လို့ သင်တယ်" ဆိုတဲ့ အဆိုအမိန့်တွေပါ။ ဒါက လူတိုင်းနီးပါးကြားဖူးတဲ့ အဆိုအမိန့်တွေပါ။ တော်တန်ရုံ သုတေသန သမားယောင်ယောင်၊ သမိုင်းဆရာယောင်ယောင် ပုဂ္ဂိုလ်တွေ သူတို့စာတမ်းတွေကို ဒေါက်တာသန်းထွန်းကို မပြရဲပါဘူး။ အင်မတန် စေ့စပ်လွန်းလို့ပါ။
ဒီလောက် စေ့စပ်တဲ့ ဒေါက်တာသန်းထွန်းဟာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့သားတစ်ယောက်ဖြစ်တဲ့ ဆရာ ဘုန်းတင့်ကျော် ခေါ် ဆရာ ဦးကျော်ဇင် သမိုင်းသုတေသနဦးစီးဌာနမှာတင်တဲ့ စာတမ်းနှစ်စောင်ကို ကျေကျေနပ်နပ် ကြီး လက်ခံခဲ့ပါတယ်။
ဆရာဦးကျော်ဇင်ဟာ "ကျမ်းကိုးများ၊ ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှားယွင်းနေသော ဂျီအိပ်ခ်ျလုစ်၏ ဗမာသမိုင်း အယူ အဆ" သမိုင်းသုတေသန စာတမ်းကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာလည်းကောင်း၊ "မြန်မာဟူသော ပျူရာဇဝင် ဆိုရိုးစကားကို ရှေးပျူ၊ ဗမာကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာကြည့်ခြင်း" သမိုင်းသုတေသနစာတမ်းကို ၂၀၀၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာလည်းကောင်း၊ သမိုင်းသုတေသနဦးစီးဌာန (အမရဆောင်၊ ရန်ကုန်တက္ကသိုလ်) မှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ (ပျူစစ်လျှင် မြန်မာ- စာ ၈၊ ၉ )
ဆရာကြီးဒေါက်တာ သန်းထွန်း (မြန်မာ့သမိုင်းပြုစုရေးအဖွဲ့ဝင် ပညာရှင်) မှ အဆိုပါ စာတမ်းနှစ်စောင်ကို ဖတ်ရှု စစ်ဆေးပြီး ဘီစီ (၂) ရာစုမြန်မာလူမျိုးနှင့် မြန်မာနိုင်ငံကိုလည်းကောင်း၊ ပျူဟူသည်မှာ မြန်မာဖြစ်ကြောင်းကိုလည်းကောင်း သဘောတူလက်ခံ ပါတယ်။ အဆိုပါ စာတမ်းနှစ်စောင်ကို ဖတ်ကြားတဲ့ စာတမ်းဖတ်ပွဲ နှစ်ပွဲစလုံးမှာ စာတမ်းဖတ်ပွဲ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်- လို့ တွေ့ရပါတယ်။ (ပျူစစ်လျှင် မြန်မာ- စာ ၉ )
ယခု သုတေသနအသစ်တို့အရ ဆရာလုစ်၏ ဗမာအစ ကျောက်ဆည်အယူအဆ မှားယွင်းကြောင်းတွေ့ရ၍ ပယ်ရ မည် ဖြစ်ကြောင်းကို ပထမစာတမ်းဖတ်ပွဲ သဘာပတိနိဂုံးစကားတွင် ပြောကြားသကဲ့သို့ ပျူသည် မြန်မာဖြစ်ကြောင်း၊ စာတမ်းရှင် ဦးကျော်ဇင်၏ ကြိုးစားအားထုတ်မှုကြောင့် ပျောက်ဆုံးနေသော ပျူလူမျိုးကို ပြန်လည်ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်းကို ဒုတိယ စာတမ်း သဘာပတိ နိဂုံးစကားတွင် ဆရာကြီးဒေါက်တာသန်းထွန်းပြောကြားခဲ့ပါသည်- ဆိုတဲ့ မှတ်ချက်လည်း အဲဒီစာအုပ်မှာ ပါပါတယ်။ (ပျူစစ်လျှင် မြန်မာ- စာ ၉၊ ၁၀ )
မြန်မာ့သမိုင်းကို အသစ်ပြင်ရေးမယ့်သူတစ်ယောက်တော့ ပေါ်လာပြီဗျ၊ အဲဒီလူကတော့ သူပဲလို့ဆိုပြီး ဆရာ ဦးကျော်ဇင်ရဲ့ ပခုံးကိုဖက်ပြီး ပြုံးပြုံးကြီးနဲ့ တခြားသူတွေကို မိတ်ဆက်ပေးပါသတဲ့။ ဒေါက်တာ သန်းထွန်းဆိုတာ စေ့စပ်လွန်းလို့ လက်ပေါက် ကပ်တယ်လို့တောင် နာမည်ကြီးတဲ့သူပါ။
ဆရာဦးကျော်ဇင်ရဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လာပြီဖြစ်သေ မြန်မာ့သမိုင်းစာအုပ် နှစ်တွဲရှိပါတယ်။ ဆရာ့ သုတေသန စာတမ်း တွေပါ။ဘတ်ဂျက် အခြေအနေအရဝယ်ဖို့ စိုင်းပြင်းတုန်းရှိပါသေးတယ်။
ဆိုရရင် ပျူဆိုတာ မြန်မာ (ဗမာ)၊ မြန်မာ (ဗမာ) ဆိုတာပျူပါပဲ။ မြန်မာဆိုတာ ပျူကနေတဆင့် ဆင်းသက်လာတယ် လို့ ပြောတာ မဟုတ်ပါ။ ပျူဆိုတာ မြန်မာရဲ့နာမည်က ရှေ့စကားလုံး ဖြစ်ပါတယ်။ မူလစာလုံးက ပုဗရမိ ပါတဲ့။
ပုဂံဆိုတာ ပျူဂါမ၊ ပုဂါမ ကနေရွေ့လျားလာတဲ့ စကားလုံးလို့လည်း ပြောကြတာရှိပါသေးတယ်။ ဂါမ ဆိုတာ ရွာကို ခေါ်တာပါ။ အဓိပ္ပာယ်က ပျူတွေရဲ့ရွာပေါ့။
၂၀၁၂ ခုနှစ်ကုန်ခါနီးလောက်က ရန်ကုန်မှာ ပျူစာတမ်း ဖတ်ပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ကန့်ကွက်တဲ့သူတွေရှိပါတယ်။ အများစုက မွန်နဲ့ ရခိုင် တချို့ပါ။ လိုရင်းပြောရရင် ဗမာဟာ ပျူဆိုတာကို လက်မခံချင်ပါဘူး။ ဒါပေမဲ့ ဘာမှ သမိုင်း၊ သုတေသန အထောက် အထားနဲ့ မငြင်းနိုင်တဲ့အတွက် ပညာရှင်တွေအလယ်မှာ ဖင်ပိတ်ငြင်းပြီး ပြန်ခဲ့ရရုံရှိပါတယ်။
ပြောရရင် မြန်မာပြည်မှာ လူတိုင်းက "ငဦး" အခေါ်ခံချင်ကြလို့ ပျူဟာ ဗမာဆိုတာကို အသည်းအသန်ငြင်း နေကြ တာပါ။ ငြင်းခွင့် ရှိပါတယ်။ ဒါပေမဲ့ အထောက်အထားတော့ လိုတာပေါ့။
ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ အထောက်အထားနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေက ရှည်လွန်းတော့ စာအုပ်ကို သာ တိုက်ရိုက်ရှာဖတ်စေ့ချင်ပါတယ်။ အဲဒီ သုတေသနထုံးထဲက အဆိုအမိန့်လေး တစ်ခုကိုပဲ ပြောပါရစေ။ သုတေသန စာတမ်း တစ်စောင်ဆိုတာ လူသိ၊ သူသိ၊ ဟောပြောပုံနှိပ်ထုတ်ဝေပြီးသမျှကို ပေါင်းစပ်ထားတဲ့ (စပ်ထမီ) မဖြစ် စေရ…ပါတဲ့ ခင်ဗျား။
စာအုပ်တစ်သောင်းလောက် ဖတ်လာခဲ့လည်း သူများရေးထားတာ ဖတ်တဲ့ အဆင့်ပဲရှိပါသေးတယ်၊ လာမပြောပါနဲ့၊ သုတေသန ဘောင်မဝင်ပါဆိုတဲ့ အဓိပ္ပာယ်ပါ။
ဗမာမင်းကို ရခိုင်က ပျူတစ်သိန်းမင်းလို့ခေါ်ပါတယ်။ အဲဒါကို ဦးပြူး (သံတွဲ) ဆိုသူက ငြင်းလို့ ဆရာဦးကျော်ဇင် ပြန်ရှင်းထား တာရှိပါတယ်။ ဦးပြူး ပြန်မဖြေနိုင်ပါ။
ဒီလိုပဲ ကရင်ကလည်း ဗမာကို ပရော (ပီရော) လို့ ခေါ်တာဟာ ပျူ မို့လို့ ပရောလို့ခေါ်တာလို့ ကရင်တွေ ကိုယ်တိုင်က ပြောကြ ပါတယ်။
ကျွန်တော် ၂၀၀၅ ခုနှစ်လောက်က အမေရိကန်ပြည်ထောင်စု၊ အရီဇိုနား ပြည်နယ်၊ တက် (က်) ဆန်က ဘစောခင် ဆိုသူရေးတဲ့ FIFTY YEARS OF STRUGGLE – A Review of the Fight for the Karen People's Autonomy အကျဉ်းလေးကို Internet ထဲကနေ ထုတ်ထားခဲ့ပါတယ်။
အဲဒီစာအုပ်လေးထဲက စာမျက်နှာ ၂ အမှာစာထဲမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
Part of the last paragraph of the quote reads: 'What is certain is that there was an irruption of Hkayins (Karens) into Burma before there were any Burmese there, and that the Burmese destroyed their capital and subjugated them. At this period, about the fourth century of our era, the Burmese were called Pyu, and the Karens down to the present day still call the Burmese Piya. The Sgaw Karen term for the Burman has always been P-Yaw (which, to the French ear might sound Piya).
နောက် စာမျက်နှာ ၈ မှာ အောက်ပါအတိုင်း တွေ့ရပါတယ်။
There is a general consensus that the Karens, along with the Mons and Shans as well as the Pyu, later Burmans, have migrated down the Irrawaddy and Salween river valleys from the north, presumably from Tibet or western China, since much more than a millennium ago.
မနေ့တစ်နေ့ကပဲ ထားဝယ်သားတစ်ယောက်က သူတို့ဟာ ဗမာမဟုတ်ဘူး၊ ပျူလို့ဆိုပါတယ်။ ဗမာဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာက သူတို့ရဲ့ ရွေးချယ်ဆုံးဖြတ်ခွင့် ဖြစ်တဲ့အတွက် ဘာမှ မပြော လိုပါ။ ဒါပေမဲ့ ဗမာဟာ ပျူမဟုတ်ဘူးလို့ ပြောလာတဲ့ အတွက် လာတဲ့အတွက် ဒီဆောင်းပါးလေးကို ရေးဖြစ်တာပါ။
ဗမာဟာ ပျူမဟုတ်ဘူးလို့ ငြင်းချင်ရင်တော့ အနည်းဆုံး အနှစ်နှစ်ဆယ်လောက် ကိုင်တိုင်သုတေသန လုပ်ဖို့လို ပါလိမ့်မယ်။ အချိန်၊ ငွေ ရင်းနှီးဖို့လိုပါတယ်။ ဒေါက်တာသန်းထွန်းစံနဲ့ဆိုရင် စာအုပ် ဘယ်လောက်ဖတ်ဖတ် အဲဒီဖတ် ထားတဲ့ စပ်ထမီစာ တမ်းမျိုးကို တင်လို့မရပါဘူး။
ကိုယ်တိုင် တူရွင်း၊ ပေါက်ပြား၊ ဂေါ်ပြားကိုင်ပြီး ကွင်းဆင်းရပါလိမ့် မယ်။ ကိုယ့်အရင်ထုတ်ပြီးတဲ့ အင်္ဂလိပ်၊ မြန်မာ စာအုပ်တွေ အားလုံးရှာဖတ်ရပါမယ်။ ပျူအကြောင်းစာတမ်းလုပ်မှာဖြစ်တဲ့အတွက် ပျူစာ တတ်ရပါမယ်။ ပါဠိ၊ သက္ကတ၊ ကျောက်စာ၊ မင်စာ တွေ တတ်ဖို့လိုပါတယ်။ မြန်မာစာအပြင် ကမ္ဘာကို တင်ပြဖို့ဆိုရင် အင်္ဂလိပ်လိုလည်း တတ်ဖို့လိုပါသေးတယ်။ တခြား လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်၊ ဒါနမူနာပြောတာပါ။
အဲဒီလို အပင်ပန်းခံပြီး ကိုယ့်ရဲ့ သုတေသန စာတမ်းကို သမိုင်းသုတေသနဌာနမှာ တင်ရမှာပါ။ စာတမ်းဖတ်ပွဲမှာ ပညာရှင်များက လိုအပ်တဲ့မေးခွန်းများ မေးပါလိမ့်မယ်၊ ကိုယ့်ဘက်က ရေပက်မဝင်အောင် ကြိုတင်ပြင်ဆင် သွားပါမှ တော်ရုံကျမှာပါ။
ဒါဟာမဟာတန်းအတွက် MA ဘွဲ့ယူဖို့ စာတမ်းတင်ဖို့ ပြောတာမဟုတ်ပါဘူး။ သမိုင်းပညာရှင်တွေက လက်ခံထားတဲ့ သမိုင်း ရှာဖွေတွေ့ရှိမှုတစ်ခုဟာ မဟုတ်၊ မမှန်ကြောင်း ငြင်းဆိုဖို့ သုတေသနလုပ်နေတယ်ဆိုတာ သတိရပါ။
ကျွန်တော့်အနေနဲ့ ပညာရှင်တွေ၊ ပညာရပ်တွေကို လေးစားပါတယ်။ ကျွန်တော်တို့ကိုးကွယ်တဲ့ ဘာသာတရားကိုက ပညာကို အခြေခံတဲ့၊ ပညာကို အဓိကထားတဲ့ ဘာသာတရား တစ်ခုမဟုတ်ပါလား။
"သမိုင်းပညာရှင်သည် ရာဇဝင်အမှန်အမှား၊ ကျမ်းကိုးအထောက်အထား၊ အမှန်အမှားနှင့်တကွ သမိုင်းမှန်ပေါ်အောင် စစ်ဆေး မှတ်ကျောက်တင်ပါသည်။ ပညာရှင်ဖြစ်ရန်လည်း လွယ်လွယ်နှင့်မဖြစ်ပါ။ ပညာရှင်များ လေးစားလက်ခံ သော စံချိန်မီ သမိုင်း သုတေသန စာတမ်းတစ်စောင်ဖြစ်ရန်လည်း လွယ်လွယ်နှင့် မဖြစ်ပါ။ ပညာရှင်အများ ရှေ့မှောက်၌ သမိုင်းသုတေသန စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲဟူသည်မှာ အရပ်ထဲက စကားဝိုင်း၊ အစဉ်အလာ ရာဇဝင်စကားဝိုင်းမျိုးတို့နှင့်မတူ ခြားနားလှပါသည်။" ဆိုတဲ့ ဆရာဦးကျော်ဇင်ရဲ့စကားနဲ့ "စနစ်တကျ လေ့လာ ဆည်းပူးအပ်သော ပညာရပ်မှန်သမျှ လမ်းဘေးက ရွက်ကျပင်ပေါက် မဟုတ်။" ဆိုတဲ့ ဆရာမြင့်သန်း (သြစတေးလျ) ရဲ့ စာမျိုးတွေကို ဖတ်ရတဲ့အခါ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပညာတတ် တစ်ယောက်လို့ ပြောရမှာ တွန့်တွန့်သွား ပါတယ်။
၂၀၁၂ ခုနှစ်ကုန်ခါနီးလောက်က ရန်ကုန်မှာလုပ်တဲ့ ပျူစာတမ်းဖတ်ပွဲကို စီစဉ်တဲ့ဆရာတွေထဲက ဖိတ်ပေမဲ့အချိန် မရလို့ မသွား ဖြစ်လိုက်ပါဘူး။
အဲဒီစာတမ်းဖတ်ပွဲမှာ မွန်အဖွဲ့က ဝင်ရောက်ပြောဆို ငြင်းခုန်ကြတယ်လို့ ဆိုပါတယ်။ (ပညာရှင်တွေလို အချက် အလက်နဲ့ ပြောနိုင်တာမဟုတ်လို့ ဝင်ရောက်ပြောဆို ငြင်းခုန်ကြပါတယ် လို့ပဲ ကျွန်တော်သုံးနှုန်းပါတယ်။)
ဒီတော့ ရှေးဟောင်းသုတေသနဋ္ဌာနက ညွှန်ကြားရေးမှူးဟောင်းက "ခင်ဗျားတို့ အဲဒီလိုပြောလို့ မရဘူး။ ပြောချင်ရင် သုတေသနလုပ်ပါ." လို့ပြောတော့….သူတို့အဖွဲ့က ဆရာဦးကျော်ဇင်ကို လက်ညှိုးထိုးပြီး "သူတို့က အစိုးရက ပိုက်ဆံ ပေးမှာ ပေါ့.." လို့ ပြောပါတယ်။
အဲဒီမှာ ညွှန်ကြားရေးမှူးဟောင်းက "ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းကမှ ပိုက်ဆံမပေးဘူး။ ဆရာ ဦးကျော်ဇင်ဟာ သူ့ဘာသာ အကုန်အကျခံပြီး နှစ်ရှည်လများ သုတေသန လုပ်ထားတာပါ။ ခင်ဗျားတို့လည်း ငြင်းချင်ရင် သူ့လိုပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန် အကျခံပြီးလုပ်ပါ…" လို့ ပြန်ပြောလိုက်ပါသတဲ့။
ဟုတ်ကဲ့ အလွန်တရာမှ လက်ပေါက်ကပ်ပြီး စေ့စပ်တိကျလှသော သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းကို သဘာပတိ အရာထားပြီး ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ်မှာ ဆရာဦးကျော်ဇင်ဟာ ပျူဆိုတာ မြန်မာဖြစ်ကြောင်း သုတေသန စာတမ်း ၂ စုံကို သမိုင်း သုတေသနဦးစီးဌာန (အမရဆောင်၊ ရန်ကုန်တက္ကသိုလ်) မှာ တင်သွင်းဖတ်ကြားခဲ့ ပါတယ်။
ပညာရှင်များရဲ့ မေးခွန်းပေါင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် ဒေါက်တာသန်းထွန်းအပါအဝင် သမိုင်းပညာရှင် တွေက ဆရာဦးကျော်ဇင်ရဲ့ စာတမ်းတွေကို အသိအမှတ်ပြုလက်ခံကြပါတယ်။ အဓိပ္ပာယ်ကတော့ သမိုင်း သုတေသန ဦးစီးဌာနက မြန်မာဟာ ပျူဆိုတာကို အဲဒီစာတမ်းနှစ်စောင်နဲ့ လက်ခံထားပါတယ်။
မြန်မာဟာ ပျူမဟုတ်ဘူးလို့ ငြင်းချင်သူများဟာ အဲဒီစာတမ်းနှစ်စောင်ကို ပညာရှင်တွေ အလယ်မှာ ခြေဖျက်နိုင်မယ့် စာတမ်း အသစ် တင်သွင်းဖတ်ကြားပြီး ပညာရှင်တွေရဲ့ အစစ်ဆေးခံနိုင်ဖို့ လိုပါတယ်။
ကျန်းမာရေး၊ ပညာ၊ ငွေ၊ အချိန်ရှိရင် မည်သူမဆို တင်သွင်းဖတ်ကြားဖို့ ကြိုးစားအားထုတ်နိုင်ပါကြောင်း…………။

လာရောက်လည်ပတ်သူအားလုံး ချမ်းမြသာရာရှိကြပါစေ။

No comments:

Post a Comment