Saturday, January 19, 2019

မေမေမငိုပါနဲ့ သားဗိုက်​မဆာပါဘူး။




" မေမေ "

"ဘာလဲ သား..."

"ဟိုကောင်လေး ဆော့နေတဲ့ အရုပ်လေးမျိုးလေး
လိုချင်တယ် မေမေ"

"နောက်ကျတော့ ဝယ်ပေးမှာပေါ့ သားရယ်"

"တကယ်နော်"


"တကယ်ပေါ့...သားရဲ့"

ဝယ်ပေးမယ်ဆိုတော့ ပျော်သွားတဲ့သားကို ကြည့်ကာ
အမေဖြစ်သူ ငေးကြည့် ပြုံးလျက်...
သားလက်ကို ဆွဲကာ လျှောက်လာရင်း တနေရာကျတော့

"မေမေ...ဟိုကောင်လေး ဖိနပ်လေးက အရမ်းလှတာပဲ
သားလည်း အဲလိုဖိနပ်လေး စီးချင်တယ်...ဒီဖိနပ်က
ဖနောင့်မလုံတော့ဘူး မေမေ"

"အေးပါ သားရယ်...ဝယ်ပေးမှာပေါ့...နော်"

"ဟေး...ဒါမှ ဒို့ မေမေကွ..."

သားဖြစ်သူ အော်လိုက်သံကြောင့် ဖြတ်သွားတဲ့အစ်မကြီး
တစ်ယောက်က နှာခေါင်းရှုံ့သွားတာ မြင်မိသေးသည်။

ဘဝဆိုတာ ဘာရယ်လို့ သေချာမသိသေးတဲ့သားလေး
အခက်အခဲဆိုတာ ဘာမှန်းမသိသေးတဲ့ သားလေး...
အမေ ပြုံးနေရင် ပျော်နေတတ်တဲ့ သားလေး...
ပျော်စေချင်သည်...ဖြစ်ချင်တာလေးတွေ ဖြည့်ဆည်းပေး
ချင်သည်...အမြဲပြုံးနေစေချင်သည်...သို့သော်
ဆန္ဒနဲ့ လက်တွေ့ကား ပြောသလောက် မလွယ်လှ...

အခုလည်း တမနက်လုံး ဘာမှမစားရသေး...ဝယ်စားဖို့
ငွေလည်း မလောက်...ဒီပုံစံနဲ့ ဆိုင်ထဲဝင်ရင်လည်း
မောင်းထုတ်ခံရဦးမည် ။

"မေမေ"

"မေမေ"

"အော်...အေ့ အေး..ပြောလေ..သား"

သားဖြစ်သူ လက်ဆွဲလိုက်မှ လွန်သွားတဲ့ အတွေးတွေ
ရပ်တန့်သွားသည်

"သားလေ..."

"ဘာဖြစ်လို့လဲ သား"

"ဟိုဆိုင်ထဲက အစ်မကြီးစားနေတဲ့ ခေါက်ဆွဲကြော်မျိုး
စားချင်လိုက်တာ မေမေ...ဝယ်ကျွေးပါနော်..."

ဆိုင်ထဲမှာ ခေါက်ဆွဲစားနေတဲ့အစ်မကြီးပုံက
အားရပါးရ ရှိလှသည်...ဒါကို မြင်တော့ သားက
အမေ့လက်ကို ဖမ်းဆွဲကာ ရပ်ငေးနေလေ၏။
.မေမေ မစားရလို့ ငတ်ရင် ငတ်ပါစေ..
သားကို ကမ္ဘာပေါ်မှာ ရှိရှိသမျှ အစားအသောက်တွေ
အကုန်ကျွေးချင်တာပေါ့ သားရယ်...
ဒါပေမယ့်...သားရယ်...အမေတို့ဘဝက နုံချာလွန်းတယ်
ဆင်းရဲနုံချာလှတဲ့ မေမေ့ဆီမှာ လူ လာဖြစ်ရတဲ့သားလေး
တကယ်ဆိုရင် သားက ချမ်းသာတဲ့မိသားစုဆီမှာ
လူ ဖြစ်ခွင့်ရခဲ့သင့်တာ...အခုတော့ သားရယ်...

အတွေးတွေက ယောက်ယက်ခတ်နေသည်
သားရဲ့ဆန္ဒလေးတစ်ခုကိုတောင် ဖြည့်ဆည်းပေးဖို့
မတတ်နို်င်တဲ့အမေ ဖြစ်နေပြီလား...
မျက်ရည်ဝဲကျလာသည်...သား မြင်သွားမည်ကိုလည်း
စိုးရသည်...အော်....သားလေးရယ်...

စားနေတဲ့ အစ်မကြီးကလည်း ဒီသားအမိကို မမြင်...

လှည့်များ ကြည့်လေမလား...တောင့်တမိပြန်၏

လှည့်ကြည့်ခဲ့ရင်.............

သားကို ငုံ့အကြည့်....
မျက်ရည်က ပေါက်ခနဲ လွင့်ဝဲကျသွားသည်...

မေမေ့ရဲ့ မျက်လုံးတွေ ရဲနေသည်..စိုစွတ်နေသယောင်
ထင်မိသည်...မေမေ့မျက်ဝန်းက ဘာသာမဲ့စကား
တစ်ခွန်းကို သား နားလည်သွားသည်...။

" မေမေ သွားရအောင် သား...ဗိုက်မဆာတော့ပါဘူး...
မေမေ စိတ်မကောင်းမဖြစ်ပါနဲ့နော်..."

မေမေ့အသံ...တိတ်နေသည်

"မေမေ့ကို နောက်တာပါ မေမေ...ဘယ်လိုလဲမေမေ
သား...သရုပ်ဆောင်တာ ကောင်းရဲ့လား မေမေ..."

" အော်...အေ့..အေး...ကောင်းတာပေါ့ သားရယ်...
အမေ့သားက ကြီးရင် မင်းသားကြီးဖြစ်မှာ"

"ဒါပေါ့...မေမေရဲ့...လမ်းထိပ်ရောက်ရင်တော့
ဒေါ်ပုမ ဆိုင်က အကြော်လေးတစ်ခု ကျွေးရမယ်နော်"

" နှစ်ခုကို ကျွေးမှာပါ သားရယ်..."

သားကို ချီပွေ့ကာ အပြန်လမ်းတွင် အမေ ပြုံးနေသည်

မေမေ့စေတနာ မေမေ့မေတ္တာတွေက သား ဗိုက်ကို
ပြည့်နေစေပါတယ်..သား...မဆာပါဘူး...မေမေ....ရယ်

ရွှင်လန်းချမ်းမြေ့ကြပါစေ...
   

         (ရှင်​ဝိမလာစာရ)
                             ***မြိတ်​မြို့ နယ်​ *** (ကျွဲကူး​မြေ)
Credit to Org

No comments:

Post a Comment